Thursday, May 3, 2012

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ - အပိုင်း ၁


ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဖြစ်သူ ဦးကျော်ဆန်းသည် စစ်တက္ကသိုလ်အပတ်စဉ် (၁၁) က ဖြစ်ပြီး လက်ရှိ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် တပတ်စဉ်တည်း ကျောင်းဆင်းများ ဖြစ်သည်။ ယခင်က တစ်ဦးနှင့်တစ်ဦး အပေးအယူ မျှပြီး ခင်မင် ရင်းနှီးကြသည်။ ယခုအခါတွင်မူ ဦးကျော်ဆန်းသည် သမ္မတဦးသိန်းစိန်နှင့် ပိုမိုနီးစပ်သွားသဖြင့် သူရဦးရွှေမန်းနှင့် သင့်မြတ်ခြင်း မရှိတော့ကြောင်း ကြားသိရသည်။


ပြီးခဲ့သောနှစ် ဇွန်လက ရန်ကုန်မြို့ ပြည်သူ့လွှတ်တော်တွင် သူရဦးရွှေမန်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ အမတ်များ၊ လုပ်ငန်းရှင်ကြီးအား မိန့်ခွန်းပြောကြားခဲ့သော်လည်း သူရဦးရွှေမန်း၏ ပြောကြားချက်များကို ဦးကျော်ဆန်း ချုပ်ကိုင်ထားသည့် မီဒီယာများတွင် ဖော်ပြခြင်း မရှိသည်က လူသိထင်ရှား အဖြစ်ဆုံးသော အကွဲအပြဲ ဖြစ်ခဲ့သည်။

ဦးကျော်ဆန်းသည် တပ်မတော်အစိုးရက နှစ်ပေါင်းများစွာ အချိန်ယူ ပြင်ဆင်ပြီး ၂ဝ၁၁ ခုနှစ်တွင် ဖွဲ့စည်းလိုက်သော အရပ်သားအစိုးရသစ်တွင်လည်း ယခင်အတိုင်း ပြန်ကြားရေးဝန်ကြီးတာဝန်ကို ဆက်လက် ခန့်ထားခံရသူဖြစ်သည်။

ထိုသို့ ဆက်လက် တာဝန်ပေးခံရခြင်းမှာ ကာကွယ်ရေးဦးစီးချုပ်ရာထူးမှ အနားယူသွားသည့် ဦးသန်းရွှေ နှင့် လည်းကောင်း၊ ဦးသန်းရွှေ၏ မိသားစုတို့နှင့် လည်းကောင်း နီးစပ် ဝင်ဆန့်သူ ဖြစ်ခြင်းကြောင့်ဟု သိရသည်။

ဦးကျော်ဆန်းသည် ယခင် နယက အစိုးရ လက်ထက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဒုတိယဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီး စသည့် တာဝန်များကို ဆက်တိုက်ထမ်းဆောင်ခဲ့သူဖြစ်သဖြင့် လုပ်ပိုင်ခွင့်များအပေါ် ချယ်လှယ်ခွင့်ရရှိခဲ့၍
အလွန်အကျွံ ကြွယ်ဝ ချမ်းသာနေသူ ဖြစ်သည်။

ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ အနက် လူသိများပြီး ငွေကြေး အမြောက်အများ ရရှိသည့် လုပ်ငန်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

၁) MRTV 4 ထုတ်လွှင့်ခွင့် ရရှိသူ FOREVER ကုမ္ပဏီပိုင်ရှင် ဦးဝင်းမော်နှင့် အကျိုးတူရှယ်ယာလုပ်ဆောင်လျက်ရှိခြင်း။
FOREVER ကုမ္ပဏီ သည် လစဉ် ကျပ် သိန်းတစ်ထောင်ခန့် အမြတ် ရရှိနေသည်။
ဝန်ကြီး ဦးကျော်ဆန်းက သူ ရှယ်ယာပါဝင်သော ထိုလုပ်ငန်းအတွက် ရုပ်သံ ထုတ်လွှင့်မှု ဆိုင်ရာ အခွင့်အရေးများ ပေးအပ်ထားသည်။
ရှယ်ယာပါဝင်သည် ဆိုသော်လည်း စီးပွားရေးလုပ်ငန်း စီမံခန့်ခွဲဖို့ မလို၊ ငွေအရင်းအနှီး မြှုပ်နှံရန် မလိုအပ်ဘဲ ဝန်ကြီး ဦးကျော်ဆန်း အတွက် ၀င်ငွေ အထူးကောင်းသော လုပ်ငန်း ဖြစ်နေသည်။

ဝန်ကြီး ဦးကျော်ဆန်း၏ လာဘ်ပေးလာဘ်ယူ ကိစ္စများ- အပိုင်း ၂ ၊ အပိုင်း ၃ တို့ကို လာမည့် နေ့များတွင် ဆက်လက် ဖော်ပြပါမည်။

3 comments: